အရင်တခါ ကျော်ကွန့် တို့ ၊ မောင်ဝတို့  ကင်းစောင့်ကြပုံအကြောင်းကို မှတ်မိလျှင် ကင်းတဲအနီးက ညောင်ပင်ကြီးပေါ်တွင် ဇောက်ထိုးကောင် ဟု အမည်ပေးထားကြသော သရဲရှိကြောင်း ၊ ညအချိန် ထိုညောင်ပင်ဘေးမှ ဖြတ်သွားသူများကို ဇောက်ထိုးကောင်ကြီး ဆင်းလာပြီး ခြောက်လေ့ရှိကြောင်း ကြားရသဖြင့် ကျော်ကွန့် ကင်းစောင့်ရင်း တညလုံး ချောက်ချားနေရပုံ၊ နောက်မျဇောက်ထိုးကောင် ဆိုတာ လင်းဆွဲကြီးဖြစ်နေကြောင်းသိရပုံ၊ သို့ တိုင်အောင် နာနာဘာဝ ဆိုတာ လင်းဆွဲယောင်တက်သည်ဟု ကြားဖူးသဖြင့် စိတ်မဖြောင့်နိုင်သေးပုံကို ရေးတေးတေးတော့ သတိရကောင်းပါလိမ့်မည်။
သတိမရတော့ဘူးဆိုလျှင်လည်း ခုပြောခဲ့တဲ့အတိုင်း ပဲ မှတ်ထားကြပေတော့။ ဆက်လက်ပြီး ထိုညောင်ပင်မှစတင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ် ကို ပြောပြပါတော့မည်။
မြန်မာလူမျိုးတို့ သည် ညောင်ပင်ကို အမြတ်တနိုးထားကြသလို ကြောက်လည်းကြောက်ကြ၏။
အမြတ်တနိုးထားရခြင်းအကြောင်းက မြတ်စွာဘုရားသည် ဗောဓိညောင်ပင် ခြေရင်းမှာ ပွင့်တော်မူခဲ့သောကြောင့် ဖြစ်၏။ ထို့ ကြောင့်လည်း ကဆုန်လပြည့်နေ့ တွင် ညောင်ရေသွန်းပွဲ ပြုလုပ်ကြခြင်းဖြစ်၏။
ကြောက်လန့် ကြရသည့်အကြောင်းကတော့ ညောင်ပင်မှန်လျှင်အစောင့်အရှောက်တမျိုးမျိုး ရှိစမြဲ ဟူသော အစွဲအလမ်းကြောင့်ဖြစ်၏။
ညောင်ပင်မျိုးကွဲပေါင်း မြောက်မြားစွာရှိသည့်အနက် ဗောဓိညောင်ပင်မျိုးကိုသာ အထွတ်အမြတ်ထားထိုက်ကြောင်း ကြားဖူးပါသည်။
ဘာပဲဖြစ်ဖြစ် ညောင်ပင်သည် ထူးခြားသည့် သစ်ပင်တမျိုးဖြစ်တာတော့ သေချာပါသည်။ သူကတော်တော် အသက်ပြင်းသည်။ တော်ရုံနှင့် မသေနိုင်။ ဘယ်လိုရာသီဥတု မှာပဲဖြစ်ဖြစ် ၊ ဘယ်လို မြေအမျိုးအစားမှာပဲ ဖြစ်ဖြစ် ပေါက်နိုင်သည်။ ကျောက်တုံးကျောက်သားပေါ်မှာလည်း ရှင်သန်နိုင်သည်။ အုတ်အင်္ဂတေ နံရံမှာပင် တွယ်ကပ်ရ်ျ ပေါက်နိုင်သည်။
မျိုးပွားရာမှာလည်း ညောင်သီးကို စားသော ကျေးငှက်များ၏ သယ်ဆောင်ပေးမှူ့  ဖြင့်မိခင်အပင်ကြီးမှ မိုင်ပေါင်း အတော်အတန်ဝေးသည့် နေရာအထိ ပျံ့ နှံ့ ပေါက်ရောက်နိုင်သည်။
ညောင်ပင်၏ အဓိက ထူးခြားချက်ကတော့ မျိုးတက်ခြင်းပင်ဖြစ်၏။ ငှက်တကောင်က ညောင်သီး ကိုချီသွားလို့ ဖြစ်စေ၊ ဝမ်းထဲမျိုချမိပြီး တနေရာရာ မစင်စွန့် ရာမှ အစေ့ပြန်ထွက်လာလို့ ဖြစ်စေ အပင်ထပေါက်တက်သည်။ တခါတရံ ငှက်ကတခြား သစ်ပင်တပင်၏ သစ်ခေါင်းထဲမှာ မစင်စွန့် မိသည်။ မစင်နှင့်အတူ ထွက်လာသော ညောင်စေ့က အပင်ကို မျိုပစ်လိုက်တော့သည်။ အုတ်၊ အင်္ဂတေ နှင့်ဆောက်ထားသော အဆောက်အဦးအဟောင်းတွေ၊ ဘုရားစေတီပျက်တွေ ကိုလည်း ဒီလိုပဲ မျိုတက်၏။
ထိုအချက်ကလည်း ညောင်ပင်ကို လူတို့ ရိုသေ ကြောက်ရွံ့ ကြခြင်း အကြောင်းတခု ဖြစ်တန်ရာ၏။ မိုးနဲရေရှားရပ်ဝန်းဒေသ စိမ်းလန်းစိုပြည်ရေး စီမံကိန်း ဆောက်ရွက်နေကြသော သစ်တောဦးစီးငှာန ဝန်ထမ်းများက ထိုယုံကြည်မှူ့ အစွဲအလမ်းကို အခွင့်ကောင်းယူရ်ျ အသုံးချခဲ့ကြသည်။ ထိုဒေသရှိ မြေသြဇာ ညံ့ ဖျင်းသော ကျောက်သားဆန်သည့် တောင်ဂတုံးတွေ ပေါ်မှာ ညောင်ပင်တွေ စိုက်ကြသည်။ညောင်ပင်က ရာသီဥတု ဒဏ်ခံနိင်သဖြင့် အောင်မြင်မှူ ရာခိုင်နှူန်းများသည်။ ပြီးတော့ညောင်ပင် ကို လူတွေကြောက်ကြသဖြင့် ထင်းအလို့ ငှာ ခုတ်လှဲခြင်း မပြုလုပ်ရဲကြ။ ဒီတော့သစ်တော ပြုန်းတီးမှူ့ ကို ကာကွယ်ပြီးသား ဖြစ်သွားကြောင်း ဆောင်းပါးတပုဒ်ထဲမှာ ရေးထားသည်။ တော်တော်အကြံပိုင်သော ပုဂ္ဂိုလ်များပင်ဖြစ်၏။
ဦးဖိုးဗြော့သည် သစ်တောငှာနမှ အငြိမ်းစား ဝန်းထမ်း တယောက်တော့ မဟုတ်ပါ။ သို့ ရာတွင် ညောင်ပင်ကို တော်တော်စိတ်ဝင်စားနေ၏။
သူသည် ဝါဝင်ဝါထွက်တွင် ဦးရှင်ကြီးတင်ပေးသော အလုပ်ကို လုပ်သည်။ ကျန်အချိန်များမှာတော့ ဗေဒင် လေးဘာလေး ဟောသည်။ သို့ ရာတွင် သူက ဗေဒင်ကျမ်းတွေ ဘာတွေ စနစ်တကျ လေ့လာထားတာမျိုးတော့ မဟုတ်။ မဟာဘုတ်တိုင် ထူတက်ရုံ ၊ အောင်ပကုလားဆွေ သားတော်ရင်း မိတ်ဆက်ခြင်းဆိုတာလောက် နောဧကနော ဒွေး၊ လွင်မိုး ဆိုတာမျိုး လောက်ရွတ်တက်ရုံသာ ဖြစ်၏။
ရပ်ကွပ်ထဲက လူတွေက အားတိုင်းဗေဒင်မေးနိုင်ကြသူများလည်း မဟုတ်။ ကလေးမွေးတဲ့အခါ နေ့ သင့်နံသင့် မှည့်နိုင်ဖို့  တွက်ခိုင်းတာမျိုး ၊ ပစ္စည်းပျောက် လို့ ပြန်ရ ၊ မရမေးတာမျိုးလောက်သာ တခါတရံ ရှိ၏။ ဒါတောင်တချို့ ကလေးမွေးတဲ့အခါ သိပ်တွက်ချက်မနေဘဲ စိတ်ကူးတည့်ရာ နာမည်ပေးလိုက်တက်သည်။ ဒါမှမဟုတ် ကလေးအကြီးရဲ့  နာမည်နောက်က ကာရန်သင့်အောင် လိုက်ပေးလိုက်သည်း အကြီးကောင်က အောင်မြဆိုလျှင် နောက်မွေးတဲ့ကောင်က အောင်လှပေါ့။ မွေးမွေးချင်းထူးခြားသော ရုပ်လက္ခဏာကို ကြည့်ပြီး
နာမည်ပေးတာမျိုးလည်း ရှိ၏။ ဆံပင်ကောက်ကောက်ကလေးမို့  မောင်ကောက်ဟု မှည့်ခေါ်ပစ်လိုက်တာမျိုးပေါ့။
ပြီးတော့ ဦးဖိုးဗြော့က ဆေးနည်းတိုကလေးတွေလည်း စုဆောင်းထားတက်သည်။ တော်ရုံတန်ရုံ ဖျားတာ နာတာ၊ ပွေဝဲယားနာ လောက်တော့ ကုနိုင်သည်။ စုန်းပူး နတ်ပူး သည့် ကိစ္စမျိုးအတွက်လည်း အထိုက်အလျှောက် လေ့လာထားသည်။
ဟိုအရင်ကတော့ သူက ရပ်ကွက်ရဲ့  အားကိုးရာ ဆရာတဆူလို ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းကျတော့လည်း ခေတ်က ပြောင်းလာသဖြင့် သူ့ ကိုနေရာ မထားချင်ကြ တော့။ အထူးသဖြင့် လူငယ်ပိုင်းတွေ။ ပြီးခဲ့သော နှစ်နှစ်၊ သုံးနှစ်လောက်က စပြီး ရပ်ကွက်ထဲမှာ အန္တရာယ်ကင်းဆွမ်းတင်သူတွေ နည်းနည်းလာသည်။ အုန်းသီးဈေး၊ မုန့် ဆမ်းဈေး၊ ငှက်ပျောသီးဈေး၊ ဖယောင်းတိုင် ဈေးတွေ တက်လာသဖြင့်သိပ်အကုန် မခံချင်ကြတော့။ အန္တရာယ်ကင်း ဆွမ်းတင်သည့်ကိစ္စ ကို အမေ့ခံနေကြသူတွေ များလာသည်။ တချို့ က ဝါအဝင်မှာတင်ပြီး ဝါထွက်တော့ မသိချင်ယောင်ဆောင်နေကြသည်၊ တချို့ လည်းဝါထွက်မှပင် ပေါင်းပြီး တင်တာမျိုး ရှိလာသည်။
"ဟဲ့ မပွေးတို့ ၊ အန္တရာယ်ကင်းလေး ဘာလေး တင်ကြဦး။ ရိုးရာ မမေ့ကြနဲ့ နော်" ဟု ရင်းနှီးသူမျိုးကိုတော့ သတိပေးသေးသည်။ ထိုအခါကျမှ ..
"ဟုတ်ပါ့။ ဦးလေးဗြော့ ရယ် ၊ ကျွန်မလည်း အလုပ်ကများလို့  မအားတရယ်၊ ဟိုဒင်းဖြစ်တာရယ်ကြောင့်ပါ။ လုပ်ပါ့မယ်၊ လုပ်ပါမယ့်"
ဆိုပြီး ကောက်လုပ်တာမျိုးလည်း ရှိ၏။ တချို့ ကျတော့လည်း 'ဟုတ်ကဲ့ပါ..ဟုတ်ကဲ့ပါ' ဟု ပြောပြီး ဟိုယောင် ဒီယောက် လုပ်နေကြ၏။
ဟိုအရင်ကဆိုလျှင် ဝါဝင်ဝါထွက် မှာ ဦးဖိုးဗြော့ တို့ အလွန်အလုပ်များသည်။ ဟိုအိမ်ကလာပါ။ ဒီအိမ်က လာပါ နဲ ဟာ သင်္ကြန်မှာ နာမည်ကြီး အဆိုတော်တွေကို မဏပ်တွေက အလုအယက် ခေါ်တာမျိုး ကျနေတာပဲ။ တော်တော်မျက်နှာ ပွင့်ခဲ့တဲ့ကာလပေါ့။ ခုကျတော့ သပ်သပ်ရပ်ရပ် လှလှပပ လုပ်ထားသော ဦးရှင်ကြီးတင်သည့် လှည်းကလေးမှာ မောင်ဝ၏ ရေစည်လှည်းလောက်တောင် လူတွေက ဂရုမစိုက်ချင်တော့။ ထို့ ကြောင့် ဝင်ငွေလဲ လျှော့လာ၏။
သို့ တိုင်အောင် ခေတ်က ဘယ်လိုပဲပြောင်းလဲတိုးတက်လာသည် ဖြစ်စေ၊ ရိုးရာစွဲလမ်း ယုံကြည်မှူ့  ကို မစွန့် လွှတ်နိုင်သော လူတွေလည်း အတော်များများ ကျန်ရှိနေပါသေးသည်။ ထိုအကြောင်းအချက်က ဦးဖိုးဗြော့ ၏ ဘတ်ဂျက်ကို ပြန်လည်ဦးမော့လာစေသည်။
ကျော်ကွန့် နှင့် လှထုံတို့ ၏ သားလေး မောင်ကျော်လှ သည် ဒီနှစ် ပထမတန်း တက်ရပြီဖြစ်၏။ တရက်ကျောင်းက အပြန် နေပူရာမှ ရုတ်တရက် မိုးသားတွေ တက်လာပြီး ရွာချလိုကသဖြင့် နီးစပ်ရာ ညောင်ပင် ကြီးအောက် ဝင်ရ်ျ မိုးခိုနေလိုက်သည်။ ခဏနေတော့ သေးပေါက်ချင်လာ၏။ ထို့ ကြောင့်ညောင်ပင်ခြေရင်းမှာပင် ကလေးပီပီ အမှတ်တမဲ့ တော့ ပန်းလိုက်၏။ သေးပေါက်နေရင်းမှာပင် ကျောထဲက စိမ်းခနဲဖြစ်ပြီး ကြက်သီးထသွား၏။
ဒီတော့မှ သူသတိရသည်။ ဒါတော့ အဖေပြောတဲ့ ညောင်ပင်ကြီးပါကလား။ ဟိုအရင် အဖေ ကင်းစောင့်ကျတုန်းက ဇောက်ထိုးကောင်ကို တွေ့ လိုက်ရတယ်ဆိုတာ..
အတွေးတောင် မဆုံးလိုက်။ သူခေါင်းမွေးတွေ ထောင်ထလာသလို ဖြစ်ပြီး မိုးရွာထဲမှာပင် သုတ်ခြေတင်ပြေးထွက်သွားလေတော့သည်။
ထိုညတွင် မောင်ကျော်လှ ဖျားတော့သည်။ ကိုယ်တွေ ခြစ်ခြစ်တောက် ပူလာသည်။ ပြီးတော့ ကယောက်ကတမ်း တွေ ပြောနေသည်။
"ဇောက်ထိုးကောင်ကြီး လိုက်လာပြီ အမေရေ..ကြောက်တယ် ကြောက်တယ် ကယ်ပါဦး "
ကျော်ကွန့် နှင့် လှထုံ တို့ မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၏။
" ကိုကျော်ကွန့် ၊ ဘယ်လို လုပ်ကြမလဲ ။ ကြည့်ရတာ သားလေးက ညောင်ပင်ကြီးနားမှာ ဘာတွေ အမှားအယွင်း လုပ်ခဲ့သလဲ မသိဘူး"
အမှန်တော့ မောင်ကျော်လှ လေးသည် နေပူထဲမှာ လျှောက်လာရင်း ရုတ်တရက်မိုးမိသွားသောကြောင့် အပူရှပ်ပြီး ဖျားခြင်းသာ ဖြစ်၏။ လှထုံက ကလေးဖျားလျှင် ချွှေးထွက်အောင် လုပ်မှ ကောင်းမယ် ဆိုပြီး ငန်းဆေးတွေ တိုက် ၊ စောင်တွေ အထပ်ထပ်ခြုံပေး၊ ခြင်ထောင်ဘေးက ပုဆိုးတွေ အိပ်ရာခင်းတွေနဲ့ ကာ လေစိမ်းမဝင်အောင် ပြတင်းပေါက်တွေ ပိတ်လုပ်ထားသဖြင့် လှောင်ပိတ်ပြီး အပူက ပိုကြီးလာခြင်းပင် ဖြစ်သည်။
မောင်ကျော်လှ သည် နေ့ လယ်က ညောင်ပင်အောက် မှ ကြောက်အားလန့် အား ပြေးခဲ့ရခြင်းကို သတိရပြီး ကယောင်ကတမ်းတွေ ပြောနေခြင်းဖြစ်၏။ လှောင်အိုက်ပြီး လေကောင်းလေသန့် မရတော့ပိုဆိုးသည်။ လှထုံကတော့ တော်တော် စိုးရိမ်နေပြီ။ ကျော်ကွန့် လည်း ဘာလုပ်ရမှန်းမသိဘဲ ခေါက်တုံ့ ခေါက်ပြန်သာ လမ်းလျှောက်နေမိ၏။
"ကိုကျော်ကွန့် ဘာယောင်ချာချာ လုပ်နေတာလဲ။ အကြံလေး ဘာလေး ထုတ်စမ်းပါဦး" ကျော်ကွန့် သည် ချီတုံချတုံ ဖြစ်နေသည်။ မောင်ကျော်လှ သည် ညောင်ပင်ကြီး အောက်မှာ တခုခု လုပ်ခဲ့မိတာတော့ သေချာသည်။ ခုဖြစ်တာက ညောင်ပင်ကြီးနှင့် ပတ်သတ်သလား ။ ဇောက်ထိုးကောင်နဲ့ ဆိုင်သလား ။ မဆိုင်ဘူးလားဆိုတာတော့ ဝေခွဲလို့ မရ။ သူကိုယ်တိုင် ကင်းစောင့်တုန်းက ဇဝေဇဝါ ကြုံခဲ့ရတာကိုလဲ ပြန်သတိရမိသေး၏ ။ သို့ ရာတွင် ခုနေခါမှာ သူလည်း ဘာမှ မလုပ်တက်။ ဆရာဝန် သွားပင့်ရအောင် ကလည်း ဆေးခန်းက ဟိုဘက်ရက်ကွပ်မှာ။ ပြီးတော့ ဒီအချိန်ဆို ဆေးခန်းကပိတ်လို့  ဆရာဝန်တောင် ပြန်သွားလောက်ပြီ။
"ကိုကျော်ကွန့်  လမ်းလျှောက်နေရုံနဲ့  ပြီးမလား" လှထုံက အော်လိုက်သည်။ ကျော်ကွန့် သည် ရပ်လိုက်၏။
"ကဲရပ်နေပြန်ပြီ" ကျော်ကွန့် သည် လမ်းလျောက်ပြန်၏။
"ဘယ်လို ဖြစ်နေတာလဲ" လှထုံက အသံကုန်အော်လိုက်သည်။ ထိုစဉ်မှာပင် အိမ်ရှေ့ က ဖြတ်လျှောက်သွားသော အပျိုကြီးဒေါ်ပို က လှထုံအသံ ကိုကြားပြီး အိမ်ထဲဝင်လာသည်။
"ဟဲ့ .. ဘာဖြစ်နေကြတာလဲ" ကျော်ကွန့် က ဖြစ်ပျက်နေပုံကို ပြောပြ၏ ။ ဒေါ်ပိုက ..
" နေဦး၊ ငါ ကြည့်စမ်းမယ် " ဆိုပြီး ခြင်ထောင်ကို လှန်ရ်ျ ဝင်သည်။ မောင်ကျော်လှ၏ နဖူးကို စမ်းသည်။
"ဟယ် တော်တော် ပူနေပါလား" ထို့ အတူ မောင်ကျော်လှ အဖို့ လည်း အပြင်မှ ဝင်လာသည့် ဒေါ်ပို၏ လက်ကြီးက အလွန်အေးစက်နေသည်။ ထို့ ကြောင့် တွန့် ခနဲ ဖြစ်သွားပြီး။
" အား... အား ကြောက်တယ်.. ကြောက်တယ် " ဒေါ်ပို လက်ကို ဖြတ်ခနဲ ပြန်ရုတ်လိုက်၏။ ခဏစဉ်းစားသည်။
" အင်း.. ဖြစ်နိုင်တယ်။ ဒါမျိုး နားလည်တဲ့ လူကို ပြမှဖြစ်မယ်၊ ဟုတ်ပြီ ။ ကျော်ကွန့် နင်.....ဦးဖိုးဗြော့ ကိုပြေးခေါ် စမ်း၊ ငါအိမ်ပြန်ပြီး အုပ်ဆေး သွားယူခဲ့မယ်၊ အုပ်ဆေးက တော်ရုံအမှောင့် ပယောဂ လောက်တော့ နိုင်တယ်ကွယ့် "
ကျော်ကွန့်  နှင့် ဒေါ်ပိုတို့  ရှေ့ ဆင့်နောက်ဆင့် ထွက်သွားသည်။ ဒေါ်ပိုက အိမ်နီးသဖြင့် အရင် ပြန်ရောက်လာသည်။ မောင်ကျော်လှ မှာ အပူကြီးသဖြင့် လူးလှိမ့်နေတုန်း။ လှထုံမှာ ဘာမှ မလုပ်တက်ဘဲ "သားလေး ၊ သားလေး အမေရှိတယ် အမေရှိတယ် " ဟူရ်ျသာ တတွတ်တွတ် ရေရွတ် နေ၏။
ဒေါ်ပိုသည် မောင်ကျော်လှ ကိုယ်ပေါ်မှ စောင်များကို ခွာချလိုက်သည်။ နဖူးကို အုပ်ဆေးအနည်းငယ် ပွတ်ပေးလိုက်သည်။ လက်ဖဝါး နှစ်ဖက် ကို နာနာပွတ်ပြီးနောက် မောင်ကျော်လှ ၏ နှာခေါင်းနားမှာ တေ့ရ်ျ ရှူစေ သည်။ ထို့ နောက် အသားကို မထိစေဘဲ တကိုယ်လုံးကို လက်ဝါးနှင့် သပ်သပ်ချ နေ၏။ မော်ကျော်လှသည် လူးလိမ့်နေရာမှ အတန်ငယ်ငြိမ် သွားသည်။ ထိုစဉ်မှာ ကျော်ကွန့် နှင့်အတူ ဦးဖိုးဗြော့ ရောက်လာသည်။
"ဦးလေးဗြော့ရယ် ကြည့်ပေးစမ်းပါဦး" လှထုံကငိုသံပါနှင့် ပြောသည် " ခုတော့ ငါ့ကိုသတိရကြပြီပေါ့ ဟုတ်လား" ဆိုသော မျက်နှာပေးမျိုးဖြင့် မောင်ကျော်လှ နား သွားထိုင်ပြီးကြည့်သည်။ ဒေါ်ပိုက ...
"ကျမလဲ တက်သလောက် မှတ်သလောက် လုပ်ပေးထားတာပဲ.. " ဟုပြောသည်။ ဦးဖိုးဗြော့က ..
"အင်း .. ကောင်းပါတယ်။ အုပ်ဆေးဆိုတာ ဒီလိုပဲ ရေလဲနဲ့ သုံးရတာမျိုးပဲ။ ဒါပေမယ့် ခဏပဲ ထိန်းထားနိုင်မှာ"
"ဒါဆိုရင် " ကျော်ကွန့် က စိုးရိမ်တကြီးဝင်ပြောရာ..
"မပူနဲ့ လေ ကဲ..ကဲ ရေသန့် သန့် တစ်ခွက် ပေးစမ်း။ ကြေးဖလားရှိရင် ကြေးဖလား နဲ့ ထည့်ခဲ့၊ မရှိရင်
ဖန်ခွက်နဲ့ ပဲ ယူခဲ့" ကျော်ကွန့်  နှင့် လှထုံ နှစ်ယောက်ပြိုင်တူ နောက်ဖေးဘက်ကို ပြေးမိ၏ ။
ပြီးမှကျော်ကွန့် က.... " သားလေးနားမှာနေ ငါသွားခပ်မယ်။"
ဆိုပြီး ခပ်သုပ်သုပ် ဝင်သွားသည်။ ကြေးဖလား မရှိသဖြင့် ဖန်ခွက် နှင့်ပင်ခပ်လာခဲ့၏။ ဦးဖိုးဗြော့က ဖန်ခွက် ကို ယူရ်ျ ဘုရားစင်ဘက်ကို ဦးတိုက်ရင်း မြှောက်ကိုင်ပြီး ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ ပြီးတော့ ညောင်ပင်ရှိရာ ဘက် ကို လှည့်ရ်ျ ဖန်ခွက်ကို ကိုင်မြှောက်ပြီး
" ကလေးက မသိနားမလည်လို့ အမှားလုပ်မိတာပါ ။ အမိုက်အမဲလေးမို့  ဗွေမယူပါနဲ့ ၊ ဆိုင်ရာ ပိုင်ရာများ ခွှင့်လွှတ်ပြီး စောင့်ရှောက်တော်မူပါ " ဟု အသံကျယ်ကျယ် အော်ပြောသည်။ ပြီးတော့ မောင်ကျော်လှ ကိုယ်ပေါ် ဖန်ခွက်ထဲမှာရေ ဖြင့် အနဲငယ် တောက်လိုက်သည်။ ရေစက်များ ထိသောအခါ မောင်ကျော်လှ မှာ တွန့် ခနဲ တွန့် ခနဲ ဖြစ်သွား၏ ။ လှထုံက ဒေါ်ပိုကို တစ်ချက်ကြည့်သည်။ ဒေါ်ပိုက အဓိပယ် ပါပါ ပြန်ကြည့်ရင်း ခေါင်းဆတ်ပြသည်။
" ကဲကဲ ကလေးကို နဲနဲ ထူလိုက်စမ်းပါ" ကျော်ကွန့်က မောင်ကျော်လှ ကို ထိုင်လျက်အနေအထား ဖြစ်အောင် ပွေ့ ထူလိုက်၏။
"သားလေး၊ မောင်ကျော်လှ ဘဘကြီးကို သိတယ် မဟုတ်လား" ဦးဖိုးဗြော့က မေးသည်။ မောင်ကျော်လှ သည် မျက်လုံးကို ခပ်မှေးမှေး ဖွင့်ကြည့်ပြီး ' အင် ' ဟုရေ ရွတ်လိုက်၏။
" ဟုတ်ပြီ ၊ ဘဘကြီးက သားကို ရေးမန်းတိုက်မယ်နော် ကုန်အောင် သောက်လိုက်ကြားလား"
ဆိုပြီး မောင်ကျော်လှ ၏ ပါးစပ်မှာ ဖန်ခွက်ကို တေ့ပေးလိုက်သည်။ မောင်ကျော်လှ သည် အပူကြီးလွန်းသဖြင့် အာခေါင်တွေ ခြောက် ၊ ရင်ထဲကလည်း ပူလောင်နေသဖြင့် ဖန်ခွက် ထဲက ရေကို အငမ်းမရသောက်လေသည်။
လှထုံလည်း ခုမှ သက်ပြင်းချနိုင်သည်။
ဖြစ်တက်သည့် သဘောမှာ ခန္ဓာကိုယ်ထဲ ရေဓာတ်ခမ်းခြောက်နေစဉ် ရေသောက်လိုက်လျှင် ချွေးစို့ တက်လာတက်သည်။ စောစောက တိုက်ထားသော ငန်းဆေး၏ တန်ခိုးကလဲ ခုမှ ပြလာသည်။ အုပ်ဆေးကလဲ အခိုးပွင့်စေသည်။ ပြီးတော့ ထူထပ်စွာ ခြုံထားသော စောင်တွေကို ခွာထားသောကြောင့်လည်း ခန္ဓာကိုယ်တွင်းမှ အပူဓာတ်များ လျော့ပါးသွားစေသည်။
ထို့ ကြောင့် မောင်ကျော်လှ ချွေးတွေ စိမ့်ထွက်လာပြီး ကိုယ်ပူကျသွားသည်။ ခဏကြာမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။ ဘာပဲဖြစ်ဖြစ် လှထုံ နှင့် ဒေါ်ပို တို့ ကတော့ ဒါဟာ ဦးဖိုးဗြော့ ရဲ့ အစွမ်း ပေါ့ ဟု ယုံကြည်သွားကြသည်။ ထို့ အတူ ညောင်ပင်ကြီးနှင့်ပတ်သတ်ရ်ျလည်း ပိုရ်ျ စွဲလမ်းယုံကြည်လာကြသည်။ ကျော်ကွန့် ပင်လျှင် ဟုတ်နိုးဇဝေဇဝါ ဖြစ်လာ၏။
နောက်တနေ့ တွင် မောင်ကျော်လှသည် အဖျားသွေးမရှိတော့။ လူကလည်း ကြည်ကြည်လင်လင် ဖြစ်လာပြီး ဆန်ပြုတ် နှစ်ပန်းကန် သောက်နိုင်လာသည်။ ကျော်ကွန့်  နှင့် လှထုံ တို့က ဦးဖိုးဗြော့ကို ငွေငါးဆယ် ကန်တော့သည်။ ဒါတွင် မက ဦးဖိုးဗြော့၏ လမ်းညွှန်မှူ့ ဖြင့် ညောင်ပင်ကြီးမှာ အမွှေးတိုင်၊ ဖယောင်းတိုင် ပူဇော်သည် ။
ထိုသတင်းမှာ လှထုံ ကိုယ်တိုင် တအံ့တသြ လျှောက်ပြောသောကြောင့်လည်းကောင်း ၊ ဒေါ်ပို ၏ ဖြန့် ချီမှူ့ ကြောင့်လည်းကောင်း ၊ ပဲပြုတ်သည် ဒေါ်မှိန်၏ သတင်းကွန်ယက် အတွင်း ရောက်ရှိသွား သောကြောင့်လည်းကောင်း နှစ်ရက် သုံးရက်အတွင်းမှာပှု တရပ်ကွက်လုံး သိသွားကြတော့သည်။
ဦးဖိုးဗြော့ သည်လည်း ဂုဏ်သိက္ခာ ပြန်တက်လာသည် ။ အန္တရာယ် ကင်း ဆွမ်းတင်ဖို့ အချိန်ဆွဲနေခဲ့သော မပွေးသည် ဒီညနေမှ ဆွမ်းမတင်လျှင် ဘဝပျက်တော့မလောက် ပြောဆို တောင်းပန်ပြီး အတင်းလာခေါ်သည်။
ညောင်ပင်ကြီးမှာလည်း အရင်လို အထီးကျန်ဆန်စွာ ခြောက်ခြောက် သွေ့ သွေ့ မဟုတ်တော့ဘဲ ဂရုတစိုက် လာရောက် ပူဇော်ပသ သူတွေ ရှိလာ၏။ မောင်ကျော်လှ၏ နမူနာကို ယူပြီး ကလေးတွေ ကျောပူ ခေါင်းပူ လောက်ဖြစ်လျှင် ညောင်ပင်ကြီးဆီ ပြေးရ်ျ တောင်းပန်ကြသည်။ ကိုယ့်ဘာသာ ပစ္စည်းအထားမှား ၊ အသိမ်းလွန်နေတာကိုပင် ညောင်ပင်ကြီးမှာ ဖယောင်းတိုင် ၊ အမွေးတိုင် ပူဇော်ကြသည်။ ယုတ်စွ အဆုံး ညောင်ပင်ကြီးနား ဖြတ်လျှောက်သွားမိလျှင်ပင် လက်အုပ်ကလေး ချီသွားတာမျိုး ၊ ခေါင်းကလေး ငုံ့ သွားတာမျိုးလောက်တော့ ဖြစ်လာ၏ ။
ဒီလို အချိန်မှာ ဦးဖိုးဗြော့က နောက်ဆက်တွဲ သတင်း တခုကို ထုတ်ပြန်လိုက်လေသည်။
ဆက်မည်......။
ကျွန်တော့် ခရစ်စမတ်လက်ဆောင်...
45 minutes ago







ဆံပင်ကို ဖြောင့်တယ်.. ပေါင်းတယ်တယ်.. ဆေးဆိုးတယ်.. ညှပ်တယ်.. လက်သည်းခြေသည် ပန်ချီဆွဲလိုက်သေးတယ်.